၁. စီမံကိန်း၏ ရည်မှန်းချက်များ
မြန်မာနိုင်ငံတွင်ပေစာ/ထန်းရွက်စာမူများအား ဒစ်ဂျစ်တယ် ပုံစံစနစ် စာမူများ အဖြစ်သို့ ပြောင်းလဲရန် စီမံကိန်းကို အောက်ဖော်ပြပါရည်မှန်းချက်များအတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပါသည်–
- မြန်မာ့စာအုပ်စာပေများဆိုင်ရာ အမွေအနှစ်များ (အထူးသဖြင့် ဗုဒ္ဓစာပေများ) ကို ထိန်းသိမ်းနိုင်အောင် ကူညီပေးသွားရန်၊
- စာသားဓာတ်ပုံများကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ပညာရှင်များအခမဲ့ရယူနိုင်စေရန်၊
- မြန်မာ့လက်ရေးစာမူများတန်ဖိုးနှင့် အစောပိုင်းတည်းဖြတ်မှုများ၏ အသိပညာကိုကူညီမြှင့်တင်ရန်
- လက်ရေးစာမူများနှင့် စာအုပ်များအား ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ဒစ်ဂျစ်တယ်စာမူများအဖြစ်သို့ ပြောင်းလဲမှုအပိုင်းကို မြန်မာလူမျိုးများက ပုခုံးပြောင်းတာဝန်ယူနိုင်အောင် သင်တန်းပေးလေ့ကျင့်သွားရန်။
ဤစီမံကိန်းကို ပါမောက္ခ Yumi Ousaka နှင့် ဒေါက်တာ Sunao Kasamatsu တို့က ကမကထပြုပေးခဲ့သည့် ရန်ပုံငွေကြောင့် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ စီမံကိန်းရုပ်လုံး ပေါ်လာစေရန်အတွက် အောက်ပါထောက်ပံ့ကြေးများကိုလည်း ခွင့်ပြုပေးခဲ့ပါသည်။
- JSPS (Japan Society for the Promotion of Sciences) က ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ၂၀၁၄ ခုနှစ်၊ မတ်လအထိပြုလုပ်ခဲ့သည့် သိပ္ပံသုတေသန B (Scientific Research B, SRB) (သုတေသနအဖွဲ့ခေါင်းဆောင်– Yumi Ousaka)
- ၂၀၁၃ ခုနှစ်၊ ဧပြီလမှ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်း ပြုလုပ်ခဲ့သည့် စိန်ခေါ်မှု စူးစမ်းလေ့လာရေးသုတေသန (Challenging Exploratory Research, CER)၊ (သုတေသနအဖွဲ့ခေါင်းဆောင်– Kasamatsu)
- KDDI ဖောင်ဒေးရှင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလမှ ၂၀၁၅ ခုနှစ်၊ မတ်လ (သုတေသနအဖွဲ့ခေါင်းဆောင်– Kasamatsu)
- မစ်ဆူဘီရှီဖောင်ဒေးရှင်း (Mitsubishi Foundation, MF) (သုတေသနအဖွဲ့ခေါင်းဆောင်– Kasamatsu)
- ဂျပန်နိုင်ငံ၊ သိပ္ပံမြှင့်တင်ရေးအသင်း (Japan Society for the Promotion of Sciences, JSPS) က ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိပြုလုပ်ခဲ့သည့် သိပ္ပံသုတေသန B (Scientific Research B, SRB) (သုတေသနအဖွဲ့ခေါင်းဆောင်– Kasamatsu)
- Rissho Kosei-kai ၂၀၁၇ ၏ Chuo ပညာရေးသုတေသနတက္ကသိုလ် (Academic Research Institute (CARI) of Rissho Kosei-kai ၂၀၁၇ (သုတေသနအဖွဲ့ခေါင်းဆောင်– PTS မှ Dr William Pruitt CARI မှ တွဲဖက်ဒါရိုက်တာ Dr Yasutomo Nishi ကလည်း ဤရန်ပုံငွေရရှိရန်အတွက် အကူအညီများစွာပေးခဲ့ပါသည်။
ဤစီမံကိန်းကို ပါဠိစာပေအသင်း (Pali Text Society) ကလည်း ပံ့ပိုးပေးပါသည်။ ဓာတ်ပုံများနှင့် စကန်များသည် ပါဠိစာပေအသင်း၏မူပိုင်ဖြစ်ပါသည်။ ဤဝဘ်ဆိုက်အား တည်ထောင်ပေးသည့် ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်က နောက်ထပ်အကူအညီများကိုလည်း ပံ့ပိုးပေးပါမည်။
၂. အလားတူစီမံကိန်းများမှ ရရှိသည့် အတုယူစရာများ
အင်တာနက်ပေါ်တွင် ရရှိနိုင်သည့် မြန်မာလက်ရေးစာမူများ၊ စာအုပ်စာပေများနှင့် အခြားနိုင်ငံများမှ ပါဠိစာအုပ်များ၏အရင်းအမြစ်များ အားလုံးကို သိရှိအောင်ပြုလုပ်သည့် ကိစ္စသည် ခက်ခဲသည့် ကိစ္စဖြစ်သည်။ လက်ရှိပစ္စုပ္ပန်တွင်ရော၊ အနာဂတ်တွင်ပါ ကျွန်ုပ်တို့၏စီမံကိန်းနှင့် အလားတူစီမံကိန်းများရှိနေသည်။ မြန်မာနိုင်ငံမှ လက်ရေးစာမူများအား ဒစ်ဂျစ်တယ်စာမူအဖြစ်သို့ ပြောင်းလဲမည့် စီမံကိန်းကို စတင်ဖော်ဆောင်စဉ်အချိန်က လာအိုပေစာ၊ ထန်းရွက်စာ၊ ပုရပိုက်စာ ဆိုင်ရာ လက်ရေးစာမူဝဘ်ဆိုက်– http://www.laomanuscripts.net ကို နမူနာယူ၍လုပ်ဆောင်ရန် ကျွန်ုပ်တို့ဘက်က မျှော်လင့်ခဲ့ကြပါသည်။ အဆိုပါဝဘ်ဆိုက်ရှိ ပုံများသည် အဖြူအမည်းပုံများ ဖြစ်သည့်အတွက် ဖိုင်၏ပမာဏအား လျှော့ချ၍ရသဖြင့် ၎င်းပုံများကို နမူနာယူမည့် အကြံသည် အကြံကောင်းဖြစ်ပုံပေါ်ခဲ့ပါသည်။ လက်တွေ့တွင် ပေရွက်/ထန်းရွက်များ၏ညိုမှိုင်းနေသည့် အရောင်သည် ရောင်စုံဓာတ်ပုံများကို အဖြူအမည်း ဓာတ်ပုံဖိုင်များအဖြစ် ပြောင်းရန် အလင်းအမှောင်အလုံအလောက်ပေးစွမ်းနိုင်စွမ်းမရှိကြောင်းကို ကျွန်ုပ်တို့သိရှိလာရသည်။ နောက်ပိုင်းမှ ကျွန်ုပ်တို့သိရှိလာရသည်မှာ လာအိုဝဘ်ဆိုက်သည် ၎င်းရှိ ပုံများကို ဒစ်ဂျစ်တယ်ကင်မရာများ မပေါ်မှီ ခေတ်က ပေါ်လိုက်သေးသည့် မိုက်ခရိုဖလင်များကို သုံးပြီး စကန်ဖတ်ထားသောကြောင့်သာ အဖြူအမည်းပုံများကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ ကွန်ပျူတာမမ်မိုရီတွေ ဈေးသက်သာလာသည်နှင့်အမျှ ဖိုင်၏ပမာဏကိုလျှော့ချရန် လိုအပ်ချက်သည် အလျှင်စလို ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်မဟုတ်တော့ပေ။
နမူနာအဖြစ်ယူသည့် အခြားဝဘ်ဆိုက်နှစ်ခုကို École française d’Extrême-Orient က ပံ့ပိုးပေးခြင်းဖြစ်ပြီး ၎င်းဝဘ်ဆိုက်များအနက် http://www.khmermanuscripts.org ဝဘ်ဆိုက်မှာ ခမာ လက်ရေးစာမူများကို သုံးသည့် ဝဘ်ဆိုက်ဖြစ်ပါသည်။ အဆိုပါဝဘ်ဆိုက်ရှိ ပုံများမှာမူ ရောင်စုံဓာတ်ပုံများဖြစ်ပြီး ကွန်ပြူတာဝင်းဒိုးပေါ်ရှိ စာသားများကို အထက်အောက်လှိမ့်ပေးခြင်းအားဖြင့် ချဲ့ကြည့်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤဝဘ်ဆိုက်အတွက် သုံးသည့် ကွန်ပျူတာပရိုဂရမ်အကြောင်းကို ဂဃနဏလေ့လာနိုင်ခဲ့ခြင်းမရှိပါ။ နောက်ဝဘ်ဆိုက်တစ်ခုမှာ Lanna လက်ရေးစာမူများထားရှိသည့် ဝဘ်ဆိုက်ဖြစ်ပါသည်။ (“ထိုင်းနိုင်ငံမြောက်ပိုင်းမှ သမိုင်းမှတ်တမ်းများနှင့် အခြားစာပေများစုစည်းမှု) http://www.efeo.fr/lanna_manuscripts/manuscript/list.
ဆင်ဟာလိစ် (Sinhalese) ဘာသာစကားဖြင့် ပြုစုထားသည့် စာမူ PDF ဖိုင်များကို သီရိလင်္ကာနိုင်ငံ၊ ကီလာနီယာတက္ကသိုလ် (University of Kelaniya)၊ လူမှုရေးသိပ္ပံဌာန၊ ပေစာ/ထန်းရွက်စာဆိုင်ရာ လက်ရေးစာမူလေ့လာမှုနှင့် သုတေသနစာကြည့်တိုက် (Palm Leaf Manuscript Study and Research Library) မှ ပံ့ပိုးပေးထားသည့် ဝဘ်ဆိုက်တွင် တွေ့ရှိနိုင်ပါသည်–
http://www.kln.ac.lk/socialsciences/units/plmsrlJ/index.php/collection/palm-leaf-digital-collation[1].
[1] ဤ ဝဘ်ဆိုက်သည် ပါဠိဘာသာပြန်ဆိုရာတွင် ရောမအက္ခရာသို့ စံနှုန်းနည်းကို အသုံးမပြုသောကြောင့် စာသားများကို ရှာဖွေရန် အနည်းငယ်ခက်ခဲနိုင်သည်။ ဥပမာအားဖြင့် “ပဉ္စမောက္ခ” ကို “ပဉ္စမောက္ခ” ဟု ခေါ်ဆိုသည်။ စာမူ၏ PDF များတွင် ပထမအရွက်အနည်းငယ်သာ ပါဝင်ပုံရသည်။
၃. ကျွန်ုပ်တို့၏စီမံကိန်း အတွက် လက်ရှိ ရရှိနိုင်သည့် ပစ္စည်းများ
အရေးကြီးသည့် စာမူများအား နောင်တစ်ချိန်တွင် တည်းဖြတ်ပြင်ဆင်ကြမည့် ပညာရှင်များအတွက် အသုံးဝင်မည့် လက်ရေးစာမူများကို စုစည်းခြင်း၊ ဓာတ်ပုံရိုက်ပြီး စကန်ဖတ်ခြင်းကို အဓိကထားလုပ်ဆောင်မည့် ကျွန်ုပ်တို့၏စီမံကိန်းသည် ဖော်ပြသွားခဲ့သည့် စီမံကိန်းများနှင့် မတူဘဲ ကွဲပြားပါသည်။ ဤတွင် မတူကွဲပြားသည့် စာပေအမျိုးအစားပေါင်းများစွာကိုလည်း ကျွန်ုပ်တို့က ထည့်သွင်းထားပါသည်။ ပါဠိစာသားများအပြင် မြန်မာနိဿယ (ပါဠိစာသားများကို မြန်မာဘာသာစကား၊ မွန်ဘာသာစကားများဖြင့် စကားလုံး တလုံးချင်းဆီ ပြန်ဆိုမှုများနှင့် ရှင်းလင်းချက်များ)၊ မြန်မာစာသားများ၊ မွန်စာသားများနှင့် သရုပ်ဖော်စာသားများကိုပါ ထည့်သွင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင် ပုံနှိပ်သည့် အစောပိုင်းပါဠိစာအုပ်စာတမ်းများ စကန်များသည် ရှာရခက်သည့်အတွက် ပညာရှင်များအတွက် တန်ဖိုးရှိမည်ဖြစ်ပါသည်။ ဓာတ်ပုံများနှင့် စကန်များကို PDF များဖြင့် ရယူနိုင်အောင် လုပ်ဆောင်ထားပေးမည်ဖြစ်ပြီး E-books များအဖြစ်လည်း အသုံးပြုနိုင်ပါမည်။
၄. ကျွန်ုပ်တို့၏စီမံကိန်း အတွက် တီထွင်ခဲ့သော ကွန်ပျူတာပရိုဂရမ်
ဓာတ်ပုံများကို အလိုအလျောက် ဖြတ်တောက်ပေးပြီး PDF ဖိုင်များထဲသို့ ထည့်သွင်းပေးသည့် ကွန်ပျူတာပရိုဂရမ်ကို တီထွင်ပေးခဲ့သူမှာ သထုံရှိ ကွန်ပျူတာ တက္ကသိုလ်၊ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဌေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤပရိုဂရမ်ကို ပညာရှင်များထံသို့ အခမဲ့ပံ့ပိုးပေးသွားနိုင်တော့မည်ဖြစ်ပါသည်။ ပေစာ/ထန်းရွက်စာ လက်ရေးစာမူများကို ဓာတ်ပုံရိုက်ကူး၍ e-book အဖြစ် ပြုစုပြီး သက်ဆိုင်ရာ ပေစာနှင့် စပ်လျှဥ်းသည့် အချက်အလက်များ— ဥပမာ– ပေစာ/ထန်းရွက်စာ၏ထုတ်လုပ်မှုအမှတ်စဥ်၊ ပေစာ/ထန်းရွက်စာများ၏အစဥ်လိုက်နံပါတ်၊ ရှေ့ပိုင်းနှင့် နောက်ပိုင်း (စာမျက်နှာ ဘယ်ဘက်နှင့် ညာဘက်) အား ၎င်းစာအုပ်ထဲသို့ အလိုအလျောက်ထည့်သွင်းပေးမည့် ကွန်ပျူတာပရိုဂရမ်တစ်ခုကို ဒေါက်တာခဇုဟိကို ဖူဂျီဝါရာ (Dr. Kazuhiko Fujiwara)၊ ပါမောက္ခမိရအို (Professor Miyao)နှင့် အမျိုးသားနည်းပညာတက္ကသိုလ် (National Institute of Technology) ဆန်ဒိုင်းကောလိပ်မှ ပါမောက္ခ Yumi Ousaka တို့ပူးပေါင်းလုပ်ဆောင်နေပါသည်။ ဤပရိုဂရမ်သည် သိသိသာသာ အချိန်ကုန်သက်သာစေမည်ဖြစ်ပြီး တစ်စောင်လျှင် ပေရွက်/ထန်းရွက် ဒါဇင်ပေါင်းများစွာပါရှိနိုင်သည့် လက်ရေးစာမူ ရာပေါင်းများစွာကို လွယ်လင့်တစ်ကူ စီမံဆောင်ရွက်နိုင်စေပါမည်။ ကျွန်ုပ်တို့သည် အဆိုပါစာအုပ်များအား မည်သို့အသုံးပြုမည်ဆိုသည့် အချက်အပေါ် မူတည်၍ တည်းဖြတ်နိုင်ပါမည် — ဥပမာ– လက်ရေးစာမူများကို နောင်အနာဂတ်တွင် လေ့လာနိုင်အောင် ထိန်းသိမ်းရန်အတွက် ဝဘ်ဆိုက်ပေါ်သို့ အလွန်ရှင်းလင်းသည့် ပုံစံဖြင့် တင်ပြခြင်း။
၅. အနုရသပိုင်းအရ စိတ်ဝင်စားဖွယ်ကောင်းသည့် စာမူများ
ပထမဆုံးသော စာကြည့်တိုက်တွင် စာမူများကို ဒစ်ဂျစ်တယ်စာမူသို့ ပြောင်းလဲသည့် သရုပ်ဖော် ပုရပိုက်များစွာ ရှိသည် (စာရွက်အထူဖြင့် ဘာဂျာခေါက် ခေါက်ထားသည့် စာအုပ်ပုံစံ) [2] နှင့် ၃၁ ဘုံအကြောင်း၊ ပရဆေးပင်များအကြောင်းနှင့် မင်းမြောက်တန်ဆာများအကြောင်းကဲ့သို့သော အကြောင်းအရာများစွာကို သရုပ်ဖော်ထားသည့် ပုရပိုက်များစွာရှိသည်။ အဆိုပါပုရပိုက်များသည် မြန်မာ့အနုပညာလက်ရာများကို လေ့လာနေကြသည့် မြန်မာပညာရှင်များအတွက် စိတ်ပါဝင်စားစရာဖြစ်နေသည်။ မြန်မာနိုင်ငံတွင် အသုံးပြုသည့် အခြားလက်ရေးစာမူတစ်မျိုးမှာ ပဥ္ဇင်းခံပွဲများနှင့် အခြားသံဃာ့ပွဲများတွင် အသုံးပြုသည့် ကမ္မဝါစာသားများဖြစ်သည်။ ရှေးယခင်ကဆိုလျင် ဤလက်ရေးစာမူများသည် ဘုန်းတော်ကြီးများပင် ဖတ်ရှုရခက်သည့် အထူးအက္ခရာများဖြင့် အသေးစိတ်ဖော်ပြရှင်းလင်းထားသည့် စာမူများဖြစ်ခဲ့ပါသည်။ ယခုအခါတွင် ခေတ်ပေါ် မြန်မာစာအသုံးပြုထားသည့် ပုံနှိပ်စာမူများကို အသုံးပြုနေပြီဖြစ်သည်။ ဦးဖိုးသီစာကြည့်တိုက်တွင် ခေတ်ပေါ်အက္ခရာများကို အသုံးပြုပြီး ရှားပါးလှသည့် ခေတ်ဟောင်း ကမ္မဝါလက်ရေးစာမူရှိသည်။ အဆိုပါလက်ရေးစာမူကို ကွယ်လွန်သူဦးဖိုးသီအား ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တွင် ၁၉၅၁ ခုနှစ်က ပြုစုခဲ့ခြင်းဖြစ်သည်။ ၎င်းစာမူကို မှန်စီရွှေချသေတ္တာထဲတွင် ထားရှိပါသည်။ ကမ္မဝါလက်ရေးစာမူဓာတ်ပုံများကို Ms Sinead Ward က သူမ၏စာတမ်းအတွက် အသုံးပြုခဲ့ပါသည်။

[2] ပုရပိုက်အများအပြားတွင် အနက်ရောင်နောက်ခံရှိပြီး ကျောက်ပြားကဲ့သို့ အသုံးပြုနိုင်သည်။ ၎င်းတို့တွင် တိကျသော စာသားများ မရှိသလောက်နည်းပါးပြီး မှတ်စုများပြုလုပ်ရာတွင် မကြာခဏအသုံးပြုလေ့ရှိသည်။ ၎င်းတို့ကို ဓာတ်ပုံမရိုက်ဖူးပါ။
၆. စာမူများ စာရင်းပြုစုခြင်း
ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းက ကျွန်ုပ်တို့အား ဓာတ်ပုံရိုက်ကူးပြီး စကန်ဖတ်ခွင့်ပြုသည့် စာမူများကို အနည်းနှင့်အများဆိုသလို သေသေချာချာစာရင်းပြုစုဖြစ်ခဲ့ပါသည်။ အင်းလေးကန်၊ သာလေးကျောင်းတိုက်ရှိ လက်ရေးစာမူစာရင်းကိုလည်း ထုတ်ပြန်ပေးဖြစ်ခဲ့ပါသည်။ ဦးသော်ကောင်း၊ ဦးညွန့်မောင်နှင့် အခြားသူများပြုစုသည့် သာလေး (တောင်ပိုင်း) ကျောင်းတိုက် ပေစာ/ထန်းရွက်စာ စာရင်း။[3] ဤစာရင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုစုသည့် စာရင်းဖြစ်သည်ဟု ဦးသော်ကောင်းက နိဒါန်းတွင် ထည့်သွင်းပြောကြားထားပါသည်။ အဆိုပါဘုန်းတော်ကြီးကျောင်းသို့ ကျွန်ုပ်တို့စတင်ရောက်ရှိသွားချိန်တွင် အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပြီးသည့် ငါးဖယ်ကျောင်း (ကြောင်ခုန်ကျောင်းဟူ၍လည်း လူသိများသည်) မှ စာမူစာရင်းကို ၎င်းတို့က ယူလာပြပေးကြပါသည်။ အဆိုပါစာမူများကို ဓာတ်ပုံရိုက်၍ရမရကို သွားရောက်ကြည့်ရှုလိုခဲ့သော်လည်း အားလုံးကို အခြားသူထံသို့ ပေးလိုက်ပြီးပြီဟု ဆိုပါသည်။
သထုံမြို့ရှိ ဦးဖိုးသီ စုစည်းမှုတွင် လက်ရေးစာမူများ အများအပြားရှိသည်။ မတူညီသော နံပါတ်သုံးမျိုးကို နှစ်များတစ်လျှောက်တွင် အသုံးပြုခဲ့သည်။ သို့သော် ၎င်းတို့ထဲမှ တစ်ခုမှ ခေတ်မမှီ သောကြောင့် စာမူများကို ဓာတ်ပုံရိုက်ပြီးသည်နှင့် အသေးစိတ် ကတ်တလောက်ကို ပြင်ဆင်ရန် လိုအပ်ပါသည်။ စာရင်းတစ်ခုအား ဦးညွန့်မောင်နှင့် ရန်ကုန်မှ စာကြည့်တိုက်မှူးများ မကြာသေးမီက ပြင်ဆင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ဗဟိုစာကြည့်တိုက်မှ ပညာရှင် ဆယ်ဦးသည် စာကြည့်တိုက်တွင် ဆယ်ရက်ကြာ အလုပ်လုပ်ခဲ့ပြီး စာမူပေါင်း ၇၇၅ စောင် စာရင်းပြုစုခဲ့သည်။ သို့သော် လန်ဒန်ရှိ ဆေးပညာသမိုင်းဆိုင်ရာ Wellcome Institute ၏ စာကြည့်တိုက်ရှိ မြန်မာစာမူများနှင့် ဆင်တူသော ကတ်တလောက်ကို အပြည့်အစုံ မပြင်ဆင်နိုင်ခဲ့ပါ။ [4] ကျွန်ုပ်တို့သည် အစောပိုင်းစာရင်းများ၏ တိကျမှုကို ဓာတ်ပုံများဖြင့် စစ်ဆေးနိုင်ပြီး အသေးစိတ် အချက်အလက်များကိုလည်း ထပ်မံထည့်သွင်းနိုင်ခဲ့သည်။ ကျွန်ုပ်တို့၏ ကက်တလောက်ကို ပါဠိစာပေအသင်းမှ ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်– မြန်မာနိုင်ငံ သထုံမြို့ ဦးဖိုးသီစာကြည့်တိုက်ရှိ လက်ရေးစာမူများ ကတ်တလောက် ဟူ၍ခေါ်ပါသည်။
[3] ရန်ကုန်– မြန်မာစာအုပ်စင်တာ၊ ၂၀၀၆။
[4] မှတ်စုများပြုလုပ်ရန်အတွက် အသုံးပြုသော အနက်ရောင်ပုရပိုက် အနည်းငယ်သည် ဤစီမံကိန်းတွင် မပါဝင်ပါ။
၇. စုစည်းမှုနှစ်ရပ်ကို ဘယ်လိုရွေးချယ်ခဲ့တာပါလဲ
ကျွန်ုပ်တို့လုပ်ဆောင်နေသည့် စီမံကိန်းကဲ့သို့သော စီမံကိန်းမျိုးအတွက် စိန်ခေါ်မှုများစွာရှိနေပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ထိန်းချုပ်မှုအောက်၌ ရှိနေသည့် အဖွဲ့အစည်းများသည် နိုင်ငံပြင်ပမှ လာရောက်သူ မည်သူမဆိုအတွက် ဆက်သွယ်ရခက်ခဲသည့် အနေအထားတွင် ရှိနေသည်။ ယင်းတို့တွင် တက္ကသိုလ်များ၊ ပြတိုက်များနှင့် ရွှေတိဂုံဘုရားကဲ့သို့သော သာသနိကအဆောက်အဦများလည်း အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ဒေသတော်တော်များများကိုလည်း နိုင်ငံခြားသားများသွားရောက်ခြင်းမပြုရန် ကန့်သတ်ထားသောကြောင့် အဆိုပါဒေသများရှိ လက်ရေးစာမူများကို မြန်မာနိုင်ငံသားများသာ ဓာတ်ပုံရိုက်ကူး၍ရပါမည်။ လက်ရှိကာလတွင် ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်နိုင်သည့် စုစည်းမှုများအပေါ်တွင်သာ အာရုံစိုက်နေရပါသည်။
လက်ရေးစာမူများနှင့် အစောပိုင်းစာအုပ်စာပေများအား မပျောက်မပျက်အောင် ထိန်းသိမ်းခြင်းနှင့် အများသူငါလက်လှမ်းမှီပြီး လေ့လာနိုင်အောင် ဖန်တီးပေးထားခြင်း၏အရေးကြီးပုံအကြောင်းကို ရှင်းပြရာတွင်လည်း ပြဿနာရှိနေသည်။ စာမူတစ်ခုကို ပုံနှိပ်ပြီးပါက အဆိုပါပုံနှိပ်စာအုပ်ထဲမှ အကြောင်းအရာကိုသာ ကြည့်ပြီး ဆွေးနွေးလျှင် ရပြီဟု ဘုန်းတော်ကြီးများနှင့် မြန်မာပညာရှင်အများစုက ထင်နေကြသည်။ အသက် ၈၄ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ဦးအား ပေစာ/ထန်းရွက်စာ လက်ရေးစာမူကို လေ့လာဖူးပါသလားဟု မေးကြည့်ရာ ပုံနှိပ်စာတစ်မျိုးတည်းကိုသာ လေ့လာသည်ဟုဆိုသည်။ အဆိုပါဘုန်းတော်ကြီးသည် သူ၏ ကျောင်းတိုက်မှ လက်ရေးစာမူအများစုကို ရန်ကုန်မြို့ရှိ ပြတိုက်သို့ပေးအပ်ခဲ့ပါသည်။ သူနှင့်အတူ လက်ရေးစာမူအချို့ကျန်ရှိနေသေးပြီး ထိုလက်ရေးစာမူများကို ပြတိုက်သို့ မပေးပို့မှီ ဓာတ်ပုံရိုက်ခွင့်ပေးရန် ကျွန်ုပ်တို့အား သဘောတူပေးခဲ့ပါသည်။
အရေးကြီးသည့် စာအုပ်စာပေတစ်ခုကို ပြုစုရာတွင် လက်ရေးစာမူမိတ္တူတိုင်းကို လိုက်ကြည့်ပြီး ဆွေးနွေးစရာမလိုဟူသော အယူအဆသည် မှန်သင့်သလောက်မှန်ပါသည်။ မိတ္တူတော်တော်များများမှာ ဆင့်ပွားယူထားခြင်းဖြစ်သဖြင့် အစောပိုင်း စာများမပါဝင်တော့ပေ။ စာကြည့်တိုက်မှူး ဦးညွန့်မောင်၏ ပြောကြားချက်အရ ဒီဂ–နိကာယ (Dīgha-nikāya) လက်ရေးစာမူများစွာကို ရွှေတိဂုံဘုရားစာကြည့်တိုက်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကာ ပို့ဆောင်လိုက်သည့် အသေးစိတ်စာရင်းများကိုလည်း ပြုစုထားခြင်းမရှိကြောင်း သိရသည်။ ပုံနှိပ်စာအုပ်မှ ကူးယူထားသည့် လက်ရေးစာမူတစ်ခုကိုလည်း ဦးဖိုးသီစာကြည့်တိုက်တွင် တွေ့ရှိခဲ့ပါသည်။[5]
လက်လှမ်းမှီစွာ ရယူနိုင်သည့် စာတမ်းအထောက်အထားများကို ဘုန်းတော်ကြီးကျောင်းများတွင် တွေ့ရှိခဲ့ရပြီး အဆိုပါဘုန်းတော်ကြီးကျောင်းအတွင်းရှိ လက်ရေးစာမူများနှင့် စာအုပ်များကို တာဝန်ယူထိန်းသိမ်းသည်မှာ ကျောင်းထိုင်ဆရာတော်ဖြစ်ပါသည်။[6] ရှားပါးလှသည့် ပါဠိစာမူများသည် ပုံနှိပ်ပြီး စာအုပ်များကို ပြင်ဆင်ရာတွင်နှင့် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့် လက်ရေးစာမူများကို တည်းဖြတ်ရာတွင် အရေးပါသည့်အတွက် အဆိုပါ ပါဠိစာမူများကို အာရုံစိုက်လုပ်ဆောင်သွားရန် မူလက စီစဥ်ထားခဲ့ပါသည်။ (မန္တလေးမြို့၌ ပဥ္စမသင်္ဂါယနာတင်ခြင်းမပြုမီ) ၁၈၆၀ ခုနှစ်ဝန်းကျင်က ဆင့်ပွားခဲ့သည့် စာမူများကို ကျွန်ုပ်တို့က ဇစ်မြစ်လိုက်လိုခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများရှိ ကျောင်းထိုင်ဆရာတော်များကလည်း ၎င်းတို့ထံတွင် ရှိနေသည့် လက်ရေးစာမူအားလုံးကို ဓာတ်ပုံရိုက်ကူးသွားရန် ခွင့်ပြုပေးခဲ့ကြသဖြင့် ယခုအခါ ကျွန်ုပ်တို့ထံတွင် မြန်မာဘာသာ၊ မွန်ဘာသာများဖြင့် ရှိနေသည့် နိဿယ လက်ရေးစာမူစကန်များအပါအဝင် သရုပ်ဖော် ပုရပိုဒ်များ၏ စကန်များနှင့် ရွေးချယ်ထားသည့် စာအုပ်များ၏ စကန်များ ပါရှိနေပြီဖြစ်သည်။
၈. စာသားများကို ဒစ်ဂျစ်တယ် စာမူများအဖြစ်သို့ ပြောင်းလဲမှု၏အရေးကြီးပုံ
လက်ရေးစာမူများနှင့် စာအုပ်များအား ဓာတ်ပုံရိုက်ကူးပြီး စကန်ဖတ်ခြင်းသည် ဗားရှင်းအမျိုးမျိုးဖြင့် ရှိနေသည့် စာသားများကို မပျောက်မပျက်ရအောင် ထိန်းသိမ်းရန် အလွန်အသုံးတည့်သည့် နည်းလမ်းဖြစ်သလို အများသူငါလက်လှမ်းမှီစွာ ရယူနိုင်အောင် ဖန်တီးပေးရန်အတွက်လည်း လက်တွေ့အကျဆုံးနည်းလမ်း ဖြစ်နေပါသည်။ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာတွင် များမကြာမှီက တိုးတက်မှုများရှိလာမှု၊ ဈေးသင့်တင့်သည့် စကန်နာများနှင့် ကွန်ပျူတာပရိုဂရမ်များ ရရှိနိုင်မှုနှင့် အင်တာနက်တို့ကြောင့် လက်ရေးစာမူများကို ဒစ်ဂျစ်တယ်လက်ရေးစာမူအဖြစ်သို့ ပြောင်းလဲပြီး လွတ်လွတ်လပ်လပ်ရယူနိုင်အောင် ဖန်တီးပေးရန် ဖြစ်နိုင်လာခဲ့သည်။ ယခင်ကဆိုလျှင် မိုက်ခရိုဖလင်ထုတ်သည့် ဈေးမှာ အလွန်ကြီးမြင့်နေခဲ့သော်လည်း စက်များကို စာမူများထားရှိရာ နေရာသို့ သယ်သွားနိုင်မည်ဆိုပါက သို့မဟုတ် စာတမ်းအထောက်အထားများကို စက်ကိရိယာများထားရှိရာ အဖွဲ့အစည်းသို့ ယူဆောင်လာမည်ဆိုပါက ဤသည်မှာလည်း ဖြစ်နိုင်ခြေရှိသည့် ကိစ္စပင်ဖြစ်သည်။ လက်ရေးစာမူများအား ဒစ်ဂျစ်တယ်စာမူအဖြစ်သို့ ကူးပြောင်းခြင်းကို အနောက်တိုင်းစာကြည့်တိုက်တစ်ခုခုတွင် လုပ်ဆောင်သည်ထက်စာလျင် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် လုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်ရရှိလျှင် တစ်နည်းနည်းဖြင့် ပိုမိုလွယ်ကူပါမည်။
သက္ကရာဇ် ၁၆၀၀ ထက် ပိုပြီး သက်တမ်းကြာသည့် မြန်မာလက်ရေးစာမူများကို ရှာဖွေတွေ့ရှိခဲပါသည်။ ပေစာ/ထန်းရွက်စာများကို နှစ်ဆယ်ရာစုအတွင်းသို့ ဝင်လာသည့်တိုင်အောင် ပြုစုဆဲဖြစ်သော်လည်း ကျွန်ုပ်တို့စီမံကိန်းအတွက် အရေးအကြီးဆုံးမှာ ၁၈၆၀ ခုနှစ်ဝန်းကျင်က ပါဠိလက်ရေးစာမူများဖြစ်ပါသည်။ သမိုင်းပညာရှင်များစိတ်ဝင်စားသည့် နှောင်းပိုင်းကာလ မြန်မာလက်ရေးစာမူများနှင့် အလွန်ရှားပါးသော ပါဠိစာမူများကိုမူ ခြွင်းချက်ပြုထားပါသည်– ဥပမာ– မြန်မာလက်ရေးစာမူတစ်ခုထဲတွင် တွေ့ရှိခဲ့ပြီး ကွယ်လွန်သူ ဒေါက်တာ Primoz Pecenko က တည်းဖြတ်ခဲ့သည့် အင်္ဂုတ္တရ–နိကာရ အကြောင်း “ရှေး“တရားစုကို ပါဠိစာပေအသင်းက ထုတ်ဝေခဲ့ဖူးပါသည်။[7]
ကျွန်ုပ်တို့သည် စုစည်းမှုများထဲမှ လက်ရေးစာမူအများစုကို အမျိုးအမည်ထုတ်ဖော်နိုင်ခဲ့ကြပြီး အဆိုပါလက်ရေးစာမူများကို တည်းဖြတ်၍ရနိုင်စေမည့် သို့မဟုတ် တည်းဖြတ်ပြင်ဆင်ပြီး စာအုပ်စာပေများအတွက် အသုံးပြု၍ရနိုင်စေမည့် ဒစ်ဂျစ်တယ်စာမူများ အဖြစ်သို့ စတင်ပြောင်းလဲယူခဲ့ကြပါသည်။ သာလေးကျောင်းတိုက်တွင် တွေ့ရှိခဲ့ပြီး ဒစ်ဂျစ်တယ်စာမူအဖြစ်သို့ ပြောင်းလဲပါက အသုံးတည့်မည့် လက်ရေးစာမူ နမူနာများတွင် ရောမစာလုံးများဖြင့် ထုတ်ဝေနှင့်ပြီး စာအုပ်စာပေအသစ်များကို ပြုစုတည်းဖြတ်ရာတွင် အသုံးပြုနိုင်သည့် လက်ရေးစာမူများလည်း ပါဝင်ပါသည်။ ဥပမာ– သမ်မိုဟ ဝိနိုဒါနိ (အေဒီ ၁၇၄၁ ) ပီတဝတ္ထု–အတ္တခန္တ (Petavatthu-aṭṭhakathā) (အေဒီ ၁၇၅၇ ) အဋ္ဌသာလီနီ (Aṭṭhasālinī) (အေဒီ ၁၇၇၈) ဇိနလင်္ကာရ (Jinālaṅkāra) (အေဒီ ၁၇၇၃) နှင့် တရားပါရှိသော ဇိနလင်္ကာရ–တိက (Jinālaṅkāra-ṭīkā) (အေဒီ ၁၇၇၃ ) အရေးအကြီးဆုံး လက်ရေးစာမူများမှာ ရောမအက္ခရာဖြင့် တည်းဖြတ်ခြင်းမပြုသေးသည့် လက်ရေးစာမူများဖြစ်နိုင်ပါသည်။ ဥပမာ− ဝိနယလင်္ကာရ–တိက (Vinayālaṅkāra-ṭīkā) (အေဒီ ၁၇၆၉) ဓာတုကထာ–အနုဝဏ္ဏန (Dhātukathā-anuvaṇṇanā) အေဒီ ၁၇၇၅) နှင့် ပဋိသမ္ဘိအမဂ္ဂ–အဋ္ဌကထာ (Paṭisambhidāmagga-aṭṭhakathā) (အေဒီ ၁၇၇၉) ဖြစ်ပါသည်။
ဦးညွန့်မောင်သည် ရှားပါးလှသည့် ပါဠိလက်ရေးစာမူ ခန့်မှန်းခြေငါးဆယ်ခန့်ကို ဦးဖိုးသီစာကြည့်တိုက်ထဲတွင် ထုတ်ဖော်တွေ့ရှိခဲ့ပါသည်။ အများစုမှာ ပုံနှိပ်ထုတ်ဝေရခြင်း မရှိသေးပါ။ ပါဠိစာသားများကို မြန်မာဘာသာသို့ စကားလုံး တလုံးချင်းဆီ ပြန်ဆိုထားသည့် နိဿယ လက်ရေးစာမူများလည်း များစွာရှိသည်။ ဤစာမူအများစုသည် မြန်မာပညာရှင်များအတွက် အသုံးဝင်နိုင်ပါသည်။
လက်ရေးစာမူများကို ဒစ်ဂျစ်တယ်စာမူများအဖြစ်သို့ ပြောင်းလဲရခြင်းအကြောင်းရင်းနောက်တစ်ရပ်မှာ စာမူများစွာပျောက်ဆုံးကုန်သောကြောင့်ဖြစ်သည်။ လက်ရေးစာမူများနှင့် စာအုပ်စာတမ်းများကို အရေးမကြီးဟု ယူဆသောကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် အဖွဲ့အစည်းများက စဥ်ဆက်မပြတ် ထိန်းသိမ်းခြင်းမျိုးမရှိကြပေ။ လက်ရေးစာမူများသည် ပိုးမွှားများ သို့မဟုတ် ကြွက်များ၏ဖျက်ဆီးမှုဒဏ်နှင့် ရာသီဥတုဒဏ်ခံရပြီး ပျက်စီးကုန်ခြင်းကြောင့် အသုံးမဝင်ဖြစ်ကြရလေတော့သည်။ အင်းယားကန်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဘုန်းတော်ကြီးများဆိုလျှင် စာမူများကို အရေးမကြီးဟုယူဆပြီး ပေးပစ်ခြင်းမျိုးလည်း ရှိနိုင်သည်ကို ကျွန်ုပ်တို့တွေ့ရှိခဲ့ရသည်။ လက်ရေးစာမူများကို သူခိုးခိုးခံရခြင်းများလည်း ရှိနိုင်သည်။ နိုင်ငံအတွင်းမှ ခိုးထုတ်ပြီး ထိုင်းနိုင်ငံတွင် ရောင်းချခြင်းခံရသည့် လက်ရေးစာမူများစွာရှိသည်။ အဆိုပါလက်ရေးစာမူများကို ပျက်စီးလွယ် ပေစာ/ထန်းရွက်စာများဆိုင်ရာ ဖောင်ဒေးရှင်းက ပြန်လည်ဝယ်ယူပြီး ဘန်ကောက်တွင် ထိန်းသိမ်းထားပါသည်။[8] သီရိလင်္ကာနိုင်ငံတွင်လည်း အလားတူ အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။ အသေးစိတ်အချက်အလက်ကို နနသုတ္တိသ၊ ဘိက္ခု၊ (Ñāṇatusita, Bhikkhu)၊ “သီရိလင်္ကာနိုင်ငံ၏လက်ရေးစာမူများ” တွင် ကြည့်ပါ။[9] သီရိလင်္ကာနိုင်ငံ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာကြည့်တိုက်များရှိ မြန်မာလက်ရေးစာမူများ၏ အခြေအနေကို သူ၏ဆောင်းပါးတွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့ပြီး မပျောက်မပျက်အောင် ထိန်းသိမ်းရန်နှင့် ဒစ်ဂျစ်တယ်စာမူများအဖြစ်သို့ ပြောင်းလဲရန် အဆောတလျှင် လိုအပ်နေပြီဖြစ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြသွားသည်။
စက္ကူအရည်အသွေးညံ့ခြင်းနှင့် သိမ်းဆည်းမှုညံ့ဖျင်းခြင်းများကြောင့် တစ်မဟုတ်ချင်း ယိုယွင်းပျက်စီးသွားသည့် စာအုပ်စာတမ်းများရှိလာသည်နှင့်အမျှ လက်ရေးစာမူများကို ဓာတ်ပုံရိုက်ကူးသည်ထက်စာလျှင် စကန်ဖတ်ရန် ပိုအရေးကြီးလာသည်။ စက္ကူများသည် အသားနုသောကြောင့် စာရွက်လှန်သောအခါတွင် တွန့်ကြေသွားတတ်ပါသည်။ ပေရွက်/ထန်းရွက်စာများထက်စာလျှင် စက္ကူများသည် ပိုးကိုက်သည့် ဒဏ်ပိုခံရပါသည်။
[7] Aṅguttaranikāya-purāṇatīkā (ပါဠိစာပေအသင်း၊ ၂၀၁၂) သည် ၁၈၉၂ ခုနှစ်တွင် ကူးယူထားသော လက်ရေးစာမူကို အခြေခံ၍ ခင်ပွန်းဖြစ်သူ၏ ထုတ်ဝေခြင်းဆိုင်ရာ နိဒါန်းတွင် ဒေါက်တာ Tamara Ditrich က တည်ရှိခဲ့သော စာသားနှင့် ဒုတိယလက်ရေးစာမူကို မတိုင်ပင်နိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၌ စုံစမ်းမေးမြန်းသောအခါ၊ ၎င်းလက်ရေးစာမူကို စာကြည့်တိုက်ထဲမှာ မည်သူမျှ ရှာမတွေ့ခဲ့ပါ။
[8] စုစည်းမှုကို http://fpl.tusita.org/ တွင် ရှာဖွေနိုင်ပါသည်။ Peter Nyunt ၏ ကက်တလောက်ကို ထုတ်ဝေခဲ့သည်။ (A Descriptive Catalog of the Burmese Manuscripts in the Fragile Palm Leaves Collection, 3 vols. Bangkok: Fragile Palm Leaves Foundation and Lumbini International Research Institute, 2014)
[9] Paul Harrison နှင့် Jens-Uwe Hartmann, eds., Birch အပင်၏အခေါက်မှ ဒစ်ဂျစ်တယ်ဒေတာအထိ – ဗုဒ္ဓဘာသာလက်ရေးစာမူသုတေသနတွင် မကြာသေးမီက တိုးတက်မှုများ။ (Vienna: Verlag der Österreichischen Akademie der Wissenschaften၊ 2014)
၉. ဒစ်ဂျစ်တယ်စာမူအဖြစ်သို့ ပြောင်းလဲမည့် ပထမဆုံးစုစည်းမှုများ
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း — သထုံ မှ တစ်ကျောင်းနှင့် အင်းလေးကန် မှ တစ်ကျောင်း — တွင် ရှိသည့် စာကြည့်တိုက်ကြီးများရှိ လက်ရေးစာမူများအား ကျွန်ုပ်က ဓာတ်ပုံရိုက်ကူးရေးလုပ်ရာတွင် ဂျပန်နိုင်ငံမှ ဒေါက်တာဆူနာအို ခါ့ဆမဆု၊ ဒေါက်တာယုတခ ကာဝါဆာကီနှင့် Aleix Ruiz Falqués တို့က ပူးပေါင်းပါဝင်လာကြပါသည်။ ကျွန်ုပ်တို့ကို ဦးအောင်မိုးဦးက ကူညီပေးခဲ့ပါသည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီက ကိုယ်ပိုင်ကင်မရာကိုယ်စီနှင့် ရိုက်ကူးခြင်းဖြစ်သောကြောင့် ရလဒ်များမှာလည်း မတူညီခဲ့ပါ။
စာမူများကို ဓာတ်ပုံရိုက်ကူးပြီး စကန်ဖတ်ရန် ခွင့်ပြုပေးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းသို့လည်း သွားရောက်ခဲ့ပါသည်– တစ်ကျောင်းမှာ အင်းလေးကန်ရှိ သာလေးကျောင်းတိုက်ဖြစ်ပြီး တစ်ကျောင်းမှာ သထုံမြို့ရှိ ဦးဖိုးသီစာကြည့်တိုက်တည်ရှိရာ သဓမ္မဇောတိက ကျောင်းတိုက်ဖြစ်ပါသည်။ သာလေးကျောင်းတိုက်စုစည်းမှုစာရင်းအရ စာအုပ်စာပေပေါင်း ၉၅၈ ခုပါဝင်သည့် လက်ရေးစာမူ ၈၈၆ ခုရှိသည်ဟုဆိုသည်။ အချို့သောပါဠိလက်ရေးစာမူ ၄၅ ခုသည် ၁၆၇၆ ခုနှစ်နှင့် ၁၈၀၀ ခုနှစ်ကြားကာလအတွင်းမှ စာမူများဖြစ်ကြသည်။ ကျွန်ုပ်တို့ သာလေးကျောင်းတိုက်သို့ ရောက်သွားသောအခါတွင် ကျောင်းထိုင်ဆရာတော်မရှိပါ။ လက်ရေးစာမူများထားရှိရာ ဗီရိုသော့များမှာလည်း ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရပါသည်။ ကျွန်ုပ်တို့ကြိုတင်ဆက်သွယ်ခဲ့သည့် ဆရာတော်ဦးသုမနက သော့ပြင်ဆရာခေါ်ပြီး သော့များကိုလဲပေးရန် အသာတကြည်သဘောတူပေးခဲ့ပါသည်။ ယခုအခါတွင် သော့တွဲသုံးတွဲရှိနေပြီဖြစ်သဖြင့် နောင်တွင် လက်ရေးစာမူများအကြောင်းကို ဆွေးနွေးတိုင်ပင်၍ရနိုင်လောက်ပါသည်။ လက်ရေးစာမူများရှာဖွေခြင်း၊ ဆီသုတ်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတွက် ဆရာတော်က အတတ်နိုင်ဆုံးကူညီပေးခဲ့ပါသည်။
စာအုပ်စာပေစုစည်းမှုများရှိရာ ဦးဖိုးသီစာကြည့်တိုက်သည် မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးများ စာမေးပွဲအတွက် ပြင်ဆင်ရန် သွားရောက်ကြသည့် မြို့ကြီးများထဲမှ တစ်မြို့ဖြစ်သည့် သထုံမြို့တွင် ရှိပြီး ၎င်းဘုန်းတော်ကြီးများစာလေ့လာရာ အကြီးဆုံးနေရာသည် သဓမ္မဇောတိက (Sadhammajotika) ကျောင်းတိုက်ပင် ဖြစ်ပါသည်။ ကွယ်လွန်သူ အရပ်သားလူကုံထံ ဦးဖိုးသီကို အစွဲပြု၍ အမည်ပေးထားသည့် ဦးဖိုးသီစာကြည့်တိုက်ကို ဘုန်းတော်ကြီးများစာပေလေ့လာရာတွင် အထောက်အကူဖြစ်စေရန် ရည်သန်၍ ဦးဖိုးသီက နှစ်ဆယ်ရာစုအစောပိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

စာကြည့်တိုက်တွင် ပေစာ ၇၇၅ စောင်ရှိပါသည်။ ပေစာအချို့မှာ ပျောက်ဆုံးနေသောကြောင့် အားလုံးကို ဓာတ်ပုံရိုက်ယူပြီးပါက ကိန်းဂဏန်းအတိအကျသိရှိရပါမည်။

စာကြည့်တိုက်ကို သထုံဒေသခံတစ်စုက ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ ဤစာကြည့်တိုက်ကို မြန်မာစာပါမောက္ခဦးကျော်ထွန်းနှင့် အရပ်သားလူကုံထံ ဦးဖိုးသီတို့က ၁၉၂၃ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်ဟု သုဝဏ္ဏဘူမိ ပရိယတ္တိ သာသနဟိတ (Suyaṅgabhūmi Pariyatti Sāsanahita) ဂေါပကအဖွဲ့မှ ဂေါပကဦးကျော်လှိုင်က ဆိုပါသည်။ ဂေါပကအဖွဲ့၏အဓိကလုပ်ငန်းတာဝန်မှာ ပါဠိစာမေးပွဲများကို စီစဥ်ကျင်းပပေးရခြင်းဖြစ်ပါသည်။ ၎င်းတို့သည် စာမေးပွဲလာရောက်ဖြေဆိုကြသည့် ဘုန်းတော်ကြီးများနှင့် ကိုရင်များအား တည်းခိုစရာနှင့် ဆွမ်းများပံ့ပိုးပေးရပြီး အောင်စာရင်းကြေညာသည့် အခမ်းအနားကိုလည်း စီစဥ်ကျင်းပပေးရပါသည်။
၁၀. လက်ရေးစာမူများအား ပြင်ဆင်ခြင်းနှင့် မပျောက်မပျက်အောင် ထိန်းသိမ်းခြင်း
လက်ရေးစာမူများကို မှန်ကန်စွာကိုင်တွယ်နိုင်မှုမရှိမည်ကို စိုးရိမ်သဖြင့် စာမူများအား ပြင်ဆင်ရာတွင် ဂေါပကအဖွဲ့ဝင်များက ပါဝင်ခဲ့ခြင်းမရှိပါ။ အဖွဲ့ဝင်အများစုသည် လက်ရေးစာမူများကို ထိန်းသိမ်းရန်နှင့် ဓာတ်ပုံရိုက်ကူးရန် အလွန်ပင် စိတ်အားထက်သန်ခဲ့ကြပါသည်။ ဓာတ်ပုံရိုက်ကူးရေးကို ၎င်းတို့ကိုယ်တိုင်ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏စက်ပစ္စည်းများ (ကွန်ပျူတာ၊ ကင်မရာနှင့် မီးလုံးများ) ကိုပင် ဝယ်ယူခဲ့ပါသည်။ ယခုအခါတွင် ဦးညွန့်မောင်၏ကျေးဇူးဖြင့် ဂေါပကအဖွဲ့ဝင်များသည် လက်ရေးစာမူများကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်ကူးနိုင်ကြပြီဖြစ်ပါသည်။ ဦးညွန့်မောင်သည် ရန်ကုန်ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ လက်ထောက်စာကြည့်တိုက်မှူးဖြစ်ပြီး တက္ကသိုလ်များသမိုင်းသုတေသနဌာန၏အတိုင်ပင်ခံလည်း ဖြစ်ပါသည်။ စာကြည့်တိုက်မှူးရာထူးမှ အငြိမ်းစားယူပြီးသည့်တိုင်အောင် တက်ကြွနေဆဲဖြစ်ပါသည်။
ကူညီပေးသူများအား ညွှန်ကြားပေးနေပုံ
ပေရွက်/ထန်းရွက်များအား စပါးလင်ဆီနှင့် ကာဗွန်မှုန့်အသုံးပြုပြီး ဆီသုတ်သည့် နည်းလမ်းကို ကူညီပေးသူများက အသုံးပြုတတ်အောင် ပြပေးသည်မှာ ဦးညွန့်မောင်ဖြစ်ပါသည်။ ဆီသုတ်ခြင်းကြောင့် ပေရွက်/ထန်းရွက်များသည် အလွန်အမင်းကြွပ်ဆပ်နေခြင်းမျိုးမရှိတော့သည့်အပြင် ပိုးမွှားများရန်မှလည်း ကာကွယ်ပေးသဖြင့် ပေရွက်များကို ကြာရှည်ခံအောင် ထိန်းသိမ်းရာရောက်ပါသည်။ ကာဗွန်မှုန့်ကလည်း သတ္ထုကညစ်ဖြင့် ထွင်းထားသည့် အက္ခရာစာလုံးများအတွင်းသို့ ဝင်ရောက်ခြင်းအားဖြင့် စာလုံးကို ပိုထင်းသွားစေပါသည်။ ရှေ့တိုးနောက်ငင်ပွတ်ပါက အရွက်များကျိုးသွားနိုင်သဖြင့် ဦးတည်ရပ်တစ်ခုတည်းထားပြီး ပွတ်ပေးရန် အရေးကြီးပါသည်။ စပါးလင်ဆီ ကုန်သွားသောကြောင့် ပရုတ်ကို တွင်းထွက်ဆီထဲသို့ ပျော်ဝင်အောင် လုပ်ပြီး သုံးခဲ့ရသည့် အခါလည်း ရှိခဲ့ပါသည်။ ဤသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာခန့်က ဗြိတိသျှစာကြည့်တိုက်၏ထိန်းသိမ်းစောင့်ရှောက်မှုဌာန၊ အရှေ့တိုင်းလက်ရေးစာမူဌာနစိတ်မှ ကျွန်ုပ်လေ့လာမိခဲ့သည့် နည်းလမ်းဖြစ်ပါသည်။

ပေရွက်/ထန်းရွက်များအား နံပါတ်စဥ်အတိုင်း ပြန်ထပ်သည့် နည်းလမ်းကိုလည်း ကူညီပေးသူများအား ဦးညွန့်မောင်က သင်ပေးခဲ့ပါသည်။ လက်ရေးစာမူများအား နံပါတ်စဥ်တပ်သည့် စနစ်တွင် သရအက္ခရာ ဆယ်လုံးနှင့် ဗျည်းများကို အသုံးပြုပါသည်။ ဗျည်းနှင့် သရအတွဲတစ်တွဲစီကို အန်ဂ ဟု ခေါ်ပါသည် (ဥပမာ– က, ခ၊ ကိ၊ ခိ၊ ကု၊ ခု၊ ကဲ၊ ခဲ၊ ကို၊ ခို၊ ကမ်၊ ခ–။ ဗျည်းတစ်ခုစီကို သရများနှင့် ပေါင်းစပ်ပါသည်။ တွဲစရာ မကျန်တော့ပါက ဗျည်းနှစ်လုံးဆင့်သုံးပါသည်။ ကျမ်းပြုဆရာများ၏ နံပါတ်တပ်ပုံသည် အမြဲတော့ မှန်ကန်ခြင်းမရှိပါ။ ထို့ကြောင့်လည်း လက်ရေးစာမူတစ်ခုတည်းတွင် နံပါတ်နှစ်ခါထပ်နေသည့် ပေစာရွက်နှစ်ရွက်ပါရှိသော စာမူများစွာရှိနေပါသည် (ထိုအခါမျိုး၌ ဗျည်းနှင့် သရအတွဲနောက်တွင် မြန်မာကိန်းဂဏန်း ၁ နှင့် ၂ ကို သုံးပြီး ရှင်းအောင် လုပ်ရပါသည်)။ စာသားများကိုလည်း လက်ရေးစာမူတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းထည့်ပြီး နံပါတ်ပြန်တပ်ရခြင်းမျိုးလည်း ရှိနိုင်ပါသည်။ မူရင်းနံပါတ်များကို ခြစ်ချကာ သို့မဟုတ် အဝိုင်းအမှတ်ပြုလုပ်ပြီး ဖျက်ပစ်ကာ ယခင်နံပါတ်ဘေးတွင် နံပါတ်အသစ်များကို ယှဥ်ပြီး ရေးရသည်မျိုးလည်း ရှိသည်။ ပေရွက်/ထန်းရွက်များကို မသက်ဆိုင်သည့် လက်ရေးစာမူထဲသို့ မှားထည့်မိသည့် ဖြစ်စဥ်တစ်ခုနှစ်ခုလည်း ရှိခဲ့ပါသည်။ ခေါင်းစဥ်များကို ပေရွက်/ထန်းရွက်၏ ညာဘက်ဘေးမျဥ်းကွက်လပ်နေရာတွင် ထည့်သွင်းနေကျဖြစ်သောကြောင့် ပေရွက်/ထန်းရွက်များကို မူရင်းလက်ရေးစာမူထဲသို့ ပြန်ထည့်ရန် ကိစ္စသည် ဖြစ်နိုင်သည်က များပါသည်။

ပေစာထုပ်များ လက်ရေးစာမူများကို အဝတ်စဖြင့် ပြုလုပ်ထားသော အဖုံးဖြင့် ဖုံးရန်နှင့် စာမူများကို ဖဲကြိုးများဖြင့် ချည်ထားရန် ဦးညွန့်မောင်က ဂေါပကအဖွဲ့ဝင်များအား ညွှန်ကြားခဲ့ပါသည်။[10] ရန်ကုန်တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ ဦးရဲကြည်ကလည်း ဦးညွန့်မောင်ကို ကူညီပြီး ဓာတ်ပုံများရိုက်ကူးပေးခဲ့ပါသည်။ ပေရွက်များကို အစဥ်အတိုင်းထပ်ထားကြောင်း သေချာစေရန် စစ်ကြည့်ပေးခဲ့သလို ဓာတ်ပုံရိုက်သည့်အခါတွင်လည်း ပေရွက်များကို တစ်ရွက်ချင်းလှန်ရာတွင် ကူညီပေးခဲ့ပါသည်။ သူသည် ပေစာများကို ထုပ်ပိုးရာတွင် ကျွမ်းကျင်သူလည်း ဖြစ်ပါသည်။

ယခုအခါတွင် ဂေါပကအဖွဲ့သည် လက်ရေးစာမူများကို စနစ်တကျ ပြန်လည်စီစဥ်ခြင်း၊ ပေရွက်အလွတ်များအား ကျွန်းသားအဖုံးများ၊ အဝတ်စအဖုံးများဖြင့် ပြန်အုပ်ခြင်းများကို လုပ်ဆောင်နေပြီဖြစ်သည်။ ပုံနှိပ်စာအုပ်များကိုလည်း စင်ဖြင့် ပြန်လည်ထားရှိနေပါပြီ။ လက်ရေးစာမူများကို ခန့်မှန်းခြေအားဖြင့် ဆယ်နှစ်လျှင် တစ်ခါခန့် ပုံမှန်ဆီသုတ်သွားရန်လည်း စီစဥ်နေကြပါပြီ။
အလုပ်များကို တက်ညီလက်ညီ ခွဲဝေလုပ်ကိုင်သောကြောင့် လက်ရေးစာမူဓာတ်ပုံရိုက်ကူးရသည်မှာ ပိုမိုမြန်ဆန်လာခဲ့ပါသည်။ ရိုက်ကူးရေးလုပ်ပေးသူများသည် ပေရွက်/ထန်းရွက်များကို ပြင်ဆင်စရာမလိုသလို ရိုက်ကူးရေးပြီးဆုံးသွားသောအခါတွင်လည်း စာမူများကို ပြန်လည်ထုပ်ပိုးစရာမလိုပါ။ ထို့ကြောင့်လည်း သိသိသာသာပင် အချိန်ကုန်သက်သာသွားခဲ့ပါသည်။ လက်ရေးစာမူများကို အစဥ်အတိုင်းမထားခဲ့သည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်ပြီဖြစ်သဖြင့် စာမူတစ်ခုကို ရှာရသည့် အလုပ်သည် အလွန်ပင် အချိန်ကုန်ပါသည်။ ယခုအခါ လက်ရေးစာမူအားလုံး အစဥ်အတိုင်းရှိနေကြပါပြီ။ စာသားတစ်ခုအကြောင်း ဆွေးနွေးလိုလျှင် မူရင်းလက်ရေးစာမူနှင့်မဟုတ်ဘဲ ဓာတ်ပုံများကို ကြည့်ပြီး ဆွေးနွေးနိုင်ပြီဖြစ်သဖြင့် ဂေါပကအဖွဲ့သည်လည်း စိတ်နှလုံးချမ်းမြေ့ရပါပြီ။ ထို့ကြောင့် လက်ရေးစာမူများကို အစဥ်အတိုင်းထားသိုမှုပျက်သွားနိုင်ခြင်း ၊ စာမူများကို မှားယွင်းစွာ ကိုင်တွယ်မိနိုင်ခြင်း ၊ သို့မဟုတ် စာမူများ ပျောက်ဆုံးသွားနိုင်ခြင်း ၊ အစရှိသည့် အခွင့်အလမ်းများလည်း နည်းသွားပြီဖြစ်ပါသည်။
၁၁. စာမူများအား ဓာတ်ပုံရိုက်ခြင်းနှင့် စကန်ဖတ်ခြင်း
စက်ပစ္စည်းအသုံးပြုနည်း၊ ကင်မရာ၊ ကွန်ပျူတာဆင်ပုံဆင်နည်း ၊ ဒေါက်ဆင်နည်းများနှင့် စပ်လျဥ်းသည့် အဖိုးတန်အချက်အလက်များကို ဓာတ်ပုံပညာရှင် မားကပ်စ်ဝေါ်ဂေါ်တာ က ကျွန်ုပ်တို့အား ပေးခဲ့ပါသည်။ ပေစာ/ထန်းရွက် စာလက်ရေးစာမူများသည် ဗြက်ကျယ်လွန်းသည့်အတွက် ကင်မရာကို သင့်တော်သည့် မှန်ဘီလူးနှင့် အသုံးပြုရန် အရေးကြီးပါသည်။ အစွန်းများနှင့် ထောင့်များကို အာရုံစိုက်ထားရန် လိုအပ်ပါသည်။ ပစ်ဇယ် ၁၀ သန်း၊ ဆုံချက်မှန်ဘီလူး ၅၀–၇၀ မီလီမီတာ ရှိပြီး မှန်ဘီလူးအသေတပ်ဆင်ထားသည့် reflex ကင်မရာကို သုံးရန် မစ္စတာဝေါ်ဂေါ်တာက အကြံပြုထားပါသည်။ SO 100 သို့မဟုတ် 200 ကို လက်ခံနိုင်သော်လည်း ISO 400 ကို သုံးမည်ဆိုပါက ပုံရိပ်တွင် အစက်အပြောက်များဖြင့် မှုန်ဝါးဝါးဖြစ်ပြီး ဓာတ်ပုံအရည်အသွေး လျော့နိုင်သောကြောင့် မသုံးသင့်ပါ။ ပုံရိပ်များကို တည်းဖြတ်ရာတွင် အရောင်များကို ချိန်ညှိနိုင်ရန် ဆေးရောင်စုံအပြားနှင့် မီးခိုးရောင်ကတ်ကို သုံးရန် အကြံပြုထားသည်။ အဓိကအားဖြင့် ထိုသို့အသုံးပြုခြင်းသည် သရုပ်ဖော် ပုရပိုက်များရိုက်ကူးမှုအတွက် အသုံးဝင်သော်လည်း စာသားများကို ဖတ်ရှုနိုင်ရန် အဓိကထားသည့် ပေစာ/ထန်းရွက်စာ လက်ရေးမူများတွင် မသုံးလျှင်လည်း ရသည်။ ၎င်းအကြံပြုထားသည့် ကင်မရာ (Canon Eos 1100D) ကို ဝယ်ယူပြီး လက်ရေးစာမူရိုက်ကူးရန်အတွက် ဒေါက်၊ စတူဒီယိုမီးများ၊ သုံးချောင်းထောက်နှင့် ကင်မရာဆင်ရာတွင် မှန်ကန်သည့် ဒေါင့်မှ ဆင်ရန် ၎င်းပေးပို့ထားသည့် ပုံ (အောက်တွင်ကြည့်ပါ) ကို လမ်းညွှန်အဖြစ် အသုံးပြုခဲ့ပါသည်။

ကင်မရာ (Canon EOS Utility) နှင့် တွဲဖက်အသုံးပြုရသည့် ကွန်ပျူတာပရိုဂရမ် ရှိနေခြင်းကြောင့် ကင်မရာကို ကွန်ပျူတာနှင့် တိုက်ရိုက်ချိတ်ဆက်ခြင်း၊ ဆုံချက်ချိန်ခြင်းနှင့် အခြားဆက်တင်ချိန်ခြင်းများကို ဓာတ်ပုံမရိုက်ကူးမှီ ပြုလုပ်နိုင်လာပါသည်။ ဓာတ်ပုံများကို ချက်ချင်းစစ်ဆေးကြည့်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဒေတာအကြမ်းများနှင့် JPEG ပုံများကို ယူပါသည်။ ဓာတ်ပုံများကို ပြန်လည်တည်းဖြတ်ရန် လိုအပ်ပါက ရိုက်ထားသည့် ဒေတာအကြမ်းဓာတ်ပုံများသည် အဓိကအရေးကြီးပါသည်။ ရောင်စုံသရုပ်ဖော်ပုံများပါရှိသည့် လက်ရေးစာမူများအတွက်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ ဓာတ်ပုံရိုက်ကူးရာတွင် လက်ကိုပါ ထည့်သွင်းရိုက်ကူးမိသည့် အမှားမျိုးမရှိစေရန် ဓာတ်ပုံအားလုံးကို နှစ်ခါပြန်စစ်ကြည့်ရန် လိုအပ်ပါမည်။ ကွန်ပျူတာပရိုဂရမ်များကို အသုံးပြုရာတွင် မြန်ဆန်လွယ်ကူစေရန်အတွက် ယခုအခါတွင် ပေစာ/ထန်းရွက်စာများကို ရိုက်ကူးရာတွင် အရောင်ရင့်ကို နောက်ခံထားပြီး ရိုက်ကူးပါသည်။ ယခင်အစပိုင်းတွင် အနက်ရောင်အဝတ်စကို နောက်ခံထား၍ ရိုက်ကူးခဲ့သော်လည်း ယခုအခါ ဓာတ်ပုံထဲရှိ ပေစာရွက်များကို ကွန်ပျူတာပရိုဂရမ်က အလိုအလျောက်ဖြတ်တောက်ရန် ပိုမိုလွယ်ကူစေသော အစိမ်းရောင်တောက်တောက်ကို အသုံးပြုပါတော့သည်။

စာအုပ်များကို စကန်ဖတ်ရန်အတွက် Fujitsu ScanSnap SV600 ကို သုံးပါသည်။ ပုံများအား ဖြတ်တောက်ခြင်း၊ စာမျက်နှာများကွေး၍ ပုံပျက်နေခြင်းအား ပြန်ပြင်ခြင်းနှင့် စာဖိုင်များအား PDF ဖိုင်အဖြစ်သိမ်းခြင်းများကို စကန်နာနှင့် တွဲဖက်၍ လာသည့် ပရိုဂရမ်က လုပ်ဆောင်ပေးသွားပါမည်။ သို့သော် ထန်းရွက် ပေစာရွက်များ အတွက် အသုံးပြုရန် ကြည်လင်ပြတ်သားမှု မမြင့်မားပါ။

၁၂. ကျွန်ုပ်တို့၏ရည်မှန်းချက်အတိုင်း အောင်မြင်ပြီးမြောက်ခြင်း
ကျွန်ုပ်တို့သည် မိမိတို့ခံယူထားသည့် တာဝန်ကို အောင်မြင်စေမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ များမကြာမီတွင် ဦးဖိုးသီစာကြည့်တိုက်မှ လက်ရေးစာမူအားလုံးကို ဓာတ်ပုံရိုက်ကူးရေး ပြီးစီးတော့မည်ဖြစ်သလို ပုံနှိပ်စာအများစုကိုစကန်ဖတ်ရေးလည်း ပြီးစီးပါတော့မည်။ ဖိုင်များကို ကော်ပီကူးပြီး နေရာတော်တော်များများတွင် ခွဲသိမ်းမည်ဖြစ်၍ ၎င်းတို့ကို မပျောက်မပျက်စေရန်နှင့် လွယ်လင့်တကူရယူနိုင်စေရန် ကောင်းမွန်စွာ ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏စီမံကိန်းမှ အသီးအပွင့်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ပညာရှင်အများစုက ခံစားရနေပြီဖြစ်ကြောင်းကို နောက်ဆက်တွဲစာရင်းတွင် မြင်တွေ့နိုင်ပါသည်။
ဦးဖိုးသီစာကြည့်တိုက်အတွက် တာဝန်ယူပေးခဲ့ကြသည့် အဖွဲ့အစည်းသည်လည်း ယခုအခါ ၎င်းတို့၏စာမူစုစည်းမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အနေအထားတွင် ရှိနေကြပါပြီ။ ကျွန်ုပ်တို့၏အကူအညီပေးမှုသည် ပစ္စည်းတစ်ခုတည်ရှိမှု၏တန်ဖိုးကို ၎င်းတို့သတိပြုမိအောင် မြှင့်တင်ပေးခဲ့ပါသည်။ သထုံရှိ ကျွန်ုပ်တို့၏စီမံကိန်းအကြောင်းကို မြန်မာသတင်းစာတစ်စောင်က ဆောင်းပါးရေးသားခဲ့ခြင်းကြောင့် နတ်ဒေဝါ ရုပ်တုများ၊ မှန်စီရွှေချမျက်နှာကြက်နှင့် ရွှေချထားသည့် ဗီရိုအပါအဝင် ပေစာစုစည်းမှုများထားရှိရာ ကျက်သရေတိုက်သို့ လာရောက်ကြည့်ရှုသူများရှိလာခဲ့ပါသည်။ စာကြည့်တိုက်အကြောင်းကို လူသိများသွားခြင်းကြောင့် အလှူငွေများကိုပါ ရရှိလာခဲ့ပါသည်။ မွန်ဘာသာစကားနှင့် မွန်စာပေများကို မပျောက်မပျက်ရလေအောင် ထိန်းသိမ်းရန် လုပ်ဆောင်နေသည့် မွန်ရဟန်းတော်တစ်ပါးကလည်း စာကြည့်တိုက်သို့ လာရောက်ကြည့်ရှုပြီး စီမံကိန်းကို အလွန်သဘောကျသွားသောကြောင့် အလှူငွေများလှူဒါန်းခဲ့ပါသည်။
ဦးဖိုးသီစာကြည့်တိုက်အဖွဲ့သည်လည်း ကျွန်ုပ်တို့၏စက်ပစ္စည်းများကို ဝယ်ယူနိုင်ပြီး စာမူများအား ဓာတ်ပုံရိုက်ကူးမှုကို ကျွန်ုပ်တို့မရှိတော့သည့် အခါတွင် ဆက်လက်လုပ်ဆောင်နိုင်သောကြောင့် ကျွန်ုပ်တို့ဘက်က အတိုင်းမသိဝမ်းမြောက်မိပါသည်။ ယနေ့အခြေအနေသည် အလွန်ကွာခြားပါသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဖြုတ်ချပြီးကတည်းက ကျနော်တို့ စီမံကိန်းကို ဆက်လုပ်ဖို့ မဖြစ်နိုင်သေးပါ။